Thursday, April 23, 2015
လက်ပတ်ဖြူဝတ်ဆင်ခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ် ပြောင်းရွှေ့ခံရ လက်ပံတ...
Myanmar Forward's Facebook Wall / Myanmar Forward / 39 mins ago
တာဝန်ချိန်အတွင်း လက်ပတ်ဖြူဝတ်ဆင်ခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ် ပြောင်းရွှေ့ခံရ
လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်သည့် ကဗျာဆရာအချို့နှင့် ငြိမ်းချမ်းရေး လိုလားသူများသည် မတ်လ ၁၃ ရက်နေ့မှ စတင်၍ မြို့ကြီးအချို့တွင် လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ကြပ်တစ်ဦးမှာ တာဝန်ချိန်အတွင်း လတ်ပတ်ဖြူ ပတ်ပေးမှုကို လက်ခံခဲ့သည့် အတွက် စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
“တာဝန်ထမ်းဆောင်နေချိန်မှာ အခုလို လုပ်ခဲ့တာလည်း တစ်စိတ်တစ်ပိုင်း ပါတယ်။ ရဲစည်းကမ်း ဖောက်ဖျက်မှုအချို့လည်း ရှိနေတဲ့အတွက် ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဧပြီလ ၈ ရက်နေ့က မုံရွာမြို့ကို ပြောင်းရွှေ့တာဝန်ချပေးလိုက် တာပါ” ဟု မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးတစ်ဦးက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ် ရတနာပုံ ဆိုင်ဘာစီးတီး နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတစ်စုသည် လက်ပတ်ဖြူစည်းပေးပြီးနောက် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာသို့ တင်ခဲ့ကြောင်း ပြောင်းရွှေ့ခံခဲ့ရသည့် ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းက ပြောဆိုသည်။
“ဓာတ်ပုံတွေ ဖျက်ပေးဖို့၊ အင်တာနက်မတင်ဖို့ တောင်းပန်နေတဲ့ ကြားက လုပ်သွားတာ။ အခုတော့ စစ်ကိုင်းတိုင်းကို ပြောင်းခံလိုက်ရပြီ။ မိသားစုကိုတောင် ပြန်မှ ကြည့်နိုင်ပါ့မလား မသိတော့ဘူး” ဟု ၎င်းကဆိုသည်။
အကြမ်းဖက်မှုကို ဆန့်ကျင်သည့် လက်ပတ်ဖြူလှုပ်ရှားမှု စတင်ချိန်ကတည်းက လက်မခံသူများကို လက်ပတ်ဖြူ မစည်းရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ အဆိုပါယာဉ်ထိန်းရဲက လက်ခံသော ကြောင့်သာ စည်းပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးပယောဂ မပါဝင်သည့် အကြမ်းဖက်မှု ဆန့်ကျင်ကန့်ကွက်မှုကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုကဲ့သို့ အရေးယူခြင်းသည် လက်ရှိအစိုးရ၏ သဘောထားအမှန်ကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း လက်ပတ်ဖြူ လှုပ်ရှားမှု ဦးဆောင်သူတစ်ဦး ဖြစ်သည့် ရန်ကုန်ဒေသခံ ဦးညီမိုးဆွေက ပြောကြားသည်။
“ဒီမိုကရေစီစနစ်မှာ တစ်ဦး တစ်ယောက်ချင်းစီ လွတ်လပ်ခွင့်ရှိရမယ်။ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ လက်ပတ်ဖြူ ဝတ်ဆင်ခဲ့ရုံနဲ့ အခုလို အရေးယူတာကတော့ ရှေးရိုးစွဲအတွေးအခေါ်တွေ အစိုးရအဖွဲ့မှာ ကျန်နေသေးတာကို တွေ့ရတယ်” ဟု နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပြီး လက်ပတ်ဖြူ လှုပ်ရှားမှုတွင် ဝန်းရံခဲ့သည့် မြိတ်မြို့ဒေသခံ ဦးလူမင်းက သုံးသပ်ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့တွင် မတ်လ ၁၀ ရက်နေ့က ပင်မကျောင်းသားသပိတ် စစ်ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့် ပတ်သက်၍ မတ်လ ၁၉ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ရတနာပုံ နည်းပညာကျောင်းသားများက ယာဉ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းကို လက်ပတ်ဖြု ဝတ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်ဟု လက်ပတ်ဖြူလှုပ်ရှားမှု ဦးဆောင်သူများထံမှ သိရသည်။
The Voice Weekly
Visit website
Subscribe to:
Post Comments (Atom)
No comments:
Post a Comment